သီလဝါအထူးစီးပွားရေးစက်မှုဇုန်တွင် ဓာတ်မြေသြဇာစက်ရုံသစ်တစ်ရုံ ထပ်မံဖွင့်လှစ်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအပေါ်မူတည်၍ ပြည်တွင်း၊ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းရင်းနှီးမြုပ်နှံလုပ်ကိုင်လျက်ရှိရာတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများပါဝင်သည့် ဓာတ်မြေသြဇာစက်ရုံတစ်ရုံကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO)၊ ဂျပန်နိုင်ငံမှ မစ်ဆူရီ နှင့် ဂျာမနီနိုင်ငံမှ ဘင်မေရာကုမ္ပဏီတို့ ပူးပေါင်းကာ Agri First Co.,Ltd ကို ထူထောင်ထားပြီး မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍလိုအပ်ချက်တစ်ခုဖြစ်သော ဓာတ်မြေသြဇာစက်ရုံကို ဖွင့်လှစ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံကတောင်သူလယ်သမားတွေလိုအပ်နေတဲ့ နိုက်ထရိုဂျင်ဖော့စပရပ်၊ ပိုတက်ဆီယမ်တွေကို ရောနှောပြီး ဓာတ်မြေသြဇာအဖြစ် ဖြန့်ဖြူးတဲ့စက်ရုံဖြစ်ပါတယ်၊ ကိုယ့်ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အတွက် သွင်းကုန်အစားထိုးဖြစ်ပါတယ်၊ သီးနှံအမျိုးအစား၊ မြေအမျိုးအစား၊ ရာသီဥတုအမျိုးအစားအလိုက် တောင်သူလယ်သမားတွေ သုံးစွဲသင့်တာကို လွယ်လွယ်ကူကူရောနှောပေးတာဖြစ်ပါတယ်" ဟု မက်ကို ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။
စက်ရုံကို ၂၀၁၆ ခုနှစ်တွင် စတင်ရင်းနှီးမြုပ်နှံအကောင်အထည်ဖော်ခဲ့ပြီး အောက်တိုဘာ (၁၀)ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဓာတ်မြေသြဇာများကို သီးနှံအလိုက်ခွဲခြားထုတ်လုပ်သော စက်ရုံဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန်တစ်သိန်းခန့်ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရသည်။ စက်ရုံတွင် ရင်းနှီးမြုပ်နှံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရင်းနှီးမြုပ်နှံထားပြီး အခြားသောဒေသများတွင်လည်း အလားတူရင်းနှီးမြုပ်နံှမှုများ ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာမှ အရည်အသွေးမြင့်မားသော ဓာတ်မြေသြဇာများကိုလည်း တင်သွင်းဖြန့်ဖြူးရန် လုပ်ဆောင်လျက်ရှိပြီး လက်ရှိထုတ်လုပ်နေသော ဓာတ်မြေသြဇာများမှာ ဂျာမနီနိုင်ငံ၏ အဆင့်အတန်း သတ်မှတ်ချက်အတိုင်း ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကုန်ကြမ်းများကို နိုင်ငံတကာမှ ရယူနေသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
Source from the new light of Myanmar(11.10.18)