အမည်ဖော်ပြတိုင်ကြားခြင်း၊ အမည်ဖော်ပြခြင်းမပြုလုပ်ဘဲတိုင်ကြားခြင်း (Whistle blowing) ဆိုင်ရာမူဝါဒထုတ်ပြန်ခြင်း(Release No:27/2017)

၁။       မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ၏ ရုံးတွင်းပိုင်းစီမံခန့်ခွဲမှုနှင့်ထိန်းကွပ်မှု (Internal Control and Internal Structure) တွင် လည်းကောင်း၊ ဒါရိုက်တာဘုတ် အဖွဲ့ဝင်များ အပါအဝင် အကြီးတန်း ၊ အငယ်တန်း ဝန်ထမ်းအားလုံးသည် လည်းကောင်း၊ နိုင်ငံတကာ နှင့်  ပြည်တွင်းတွင် လက်ခံ ကျင့်သုံး နေသော အကျင့်စာရိတ္တပိုင်းဆိုင်ရာစံနှုန်းများနှင့်အညီသိက္ခာ၊ သမာဓိရှိစွာဖြင့် ဖြောင့်မှန်စွာ ပြုမူကျင့်ကြံရန် မူဝါဒချမှတ်ထားပါသည်။ MAPCO ၏ တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးသည် မြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသောတည်ဆဲဥပဒေများ၊ ကုမ္ပဏီမှ လက်ခံကျင့်သုံးလျက်ရှိပြီး အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသော UN Global Compact ဆိုင်ရာ စည်းကမ်းချက်များကို တိကျစွာလိုက်နာရန် တာဝန်ရှိပါသဖြင့် အကြောင်းအရာတွင် ဖော်ပြထားသော ဤမူဝါဒကို သိရှိလိုက်နာနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်ပါသည်။

 ၂။         MAPCO တွင် တာဝန်ထမ်းဆောင်နေသော တစ်စုံတစ်ယောက်သောသူ (သို့မဟုတ်) အဖွဲ့တစ်ဖွဲ့ဖွဲ့သည် တည်ဆဲဥပဒေများကိုသော်လည်းကောင်း၊ MAPCO မှ ချမှတ်ထားသော မူဝါဒများ၊ စည်းကမ်းချက်များကို သော်လည်းကောင်း၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ချိုးဖောက်မှု၊ ကျိုးပေါက်မှုများကို သော်လည်းကောင်း၊ အလွဲသုံးစားမှု များနှင့် MAPCO ၏ အကျိုးစီးပွား မဟုတ်ဘဲကိုယ့်အကျိုးစီးပွားကိုရှေ့တန်းတင်ဆောင်ရွက်မှုများကိုသော်လည်းကောင်း ပြုလုပ်ကြောင်းသိရှိပါက (သို့မဟုတ်) ထိုသို့ပြုလုပ်ကြောင်းသံသယရှိသဖြင့် ယင်းကိစ္စကို စုံစမ်းဖော် ထုတ်ရန် လိုအပ်ပါကထိုကဲ့သို့သောကိစ္စရပ်များကိုဥက္ကဋ္ဌထံသို့လည်းကောင်း၊ အုပ်ချုပ်မှုဒါရိုက်တာထံသို့လည်းကောင်း၊ အမှုဆောင်မဟုတ်သော ဒါရိုက်တာ (Non-executive Director) ထံသို့လည်းကောင်းတင်ပြသတင်းပေးနိုင်ပါသည်။ ထိုသို့သတင်းပေးတင်ပြရန်အတွက် Email များကိုဖြစ်စေ၊ ရုံးရှိ Suggestion Box တွင်ဖြစ်စေ (သို့မဟုတ်) အဆိုပါ ပုဂ္ဂိုလ်များထံသို့ တင်ပြတိုင်ကြားလိုသူများ၏ ကြိုက်နှစ်သက်သောဆက်သွယ်ရေးလမ်းကြောင်းဖြင့် ဖြစ်စေဆောင်ရွက်နိုင်ပါသည်-

                       (၁) This email address is being protected from spambots. You need JavaScript enabled to view it.

                       (၂) This email address is being protected from spambots. You need JavaScript enabled to view it.

                       (၃) This email address is being protected from spambots. You need JavaScript enabled to view it.

၃။     ယခုကဲ့သို့ မူဝါဒချမှတ်ဆောင်ရွက်ရခြင်းသည် ဝန်ထမ်းများအပါဝင် MAPCO နှင့် သက်ဆိုင်သူများ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုနှင့် အစုရှယ်ယာထည့်ဝင်သူများ၊ လယ်ယာကဏ္ဍနှင့် သက်ဆိုင်သူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အတွက်ဖြစ်ပါသည်။ ထို့အပြင် ဝန်ထမ်းများ၏ ရပိုင်ခွင့်များ၊ အကြံပြုချက်များကိုပေးပို့နိုင်ရန်အတွက် စီစဉ်ပေးမှု လည်းဖြစ်ပါသည်။ ရာထူးအလိုက်အဆင့်ဆင့် အုပ်ချုပ်မှုကြောင့် အောက်ခြေမှ အထက်သို့ တင်ပြ အကြံပြုနိုင်မှု အားနည်းပြီးအပြစ်ပေးခံရမည်ကိုစိုးရိမ်ခြင်း (သို့မဟုတ်) ဖွင့်ဟတင်ပြနိုင်ရန် အခြေအနေမပေး၍ ကြိတ်မှိတ်မျိုသိပ်ထားရခြင်းမှ ကာကွယ်ပေးရန်လည်းဖြစ်ပါသည်။ ကုမ္ပဏီ၏ ဝန်ထမ်းရေးရာမူဝါဒ၏  အခြေခံအကျဆုံးအချက်ဖြစ်သော“ အရည်အချင်းကိုအခြေခံ၍ စွမ်းဆောင်ရည်ရှိမှုနှင့် ရလဒ်ထွက်အောင် ဆောင်ရွက်နိုင်မှုတို့ကိုသုံးသပ်စဉ်းစားပြီးချီးမြှင့်မြှောက်စားသည် ’’ဆိုသောအချက်နှင့် “ စနစ်၊ စည်းကမ်း၊ စံချိန်စံနှုန်း၊ စာရင်းဇယား ”ဟူသောစနစ်တကျ ဆောင်ရွက်ရေးဆိုင်ရာလမ်းညွှန်မှုတို့တွင် ပျက်ကွက်မှု၊ ချိုးဖောက်မှုများရှိပါကလည်းသတင်းပေးပို့ တိုင်ကြားနိုင်ပါသည်။

၄။       တိုင်ကြားအသိပေးမှုများကို စနစ်တကျ စုံစမ်းဖော်ထုတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန် ဒါရိုက်တာအဖွဲ့မှ အပြည့်အ၀ တာဝန်ယူပါသည်။ ထို့အပြင် တင်ပြတိုင်ကြားသည့် ကိစ္စနှင့် ပတ်သက်၍ လုံခြုံစွာဖြင့် လျှို့ဝှက်ထားရန်နှင့် တိုင်ကြားသူကို အပြည့်အ၀ အကာအကွယ်ပေးရန် ဒါရိုက်တာအဖွဲ့နှင့် ကုမ္ပဏီမှ တာဝန်ယူပါသည်။ တိုင်ကြားမှုများကိုအမည်ဖော်ပြတိုင်ကြားခြင်း (သို့မဟုတ်) အမည်ဖော်ပြခြင်းမပြုဘဲ တိုင်ကြားခြင်း (Whistle blowing) စသည်ဖြင့် တင်ပြ သတင်းပို့နိုင်ပြီး ထိုသို့ ထုတ်ဖော် တိုင်ကြားမှုပြုလုပ်ခြင်းကြောင့် တိုက်ရိုက်၍သော် လည်းကောင်း၊ အငြိုးထားပြီး သွယ်ဝိုက်အားဖြင့်သော် လည်းကောင်း ပြစ်ဒဏ်ခတ်ခံရနိုင်သည့် အန္တရာယ်မရှိစေဘဲအပြည့်အ၀ ကာကွယ်ပေးမည်ဖြစ်ပါသည်။ တိုင်ကြားခံရသူများအတွက်ကိုလည်း ပြန်လည်ရှင်းလင်းချေပနိုင်မည့် အခွင့်အလမ်းကိုပေးမည်ဖြစ်ပြီး ဘက်လိုက်မှုကင်းစွာဖြင့် စုံစမ်းဖော်ထုတ်ခြင်းကို နည်းမှန်၊ လမ်းမှန် စီမံခန့်ခွဲဆောင်ရွက်ရန် ကုမ္ပဏီမှအပြည့်အ၀ တာဝန်ယူပါကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်။

၅။   ယခုထုတ်ပြန်သော မူဝါဒသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် သက်ဝင်ရမည်ဖြစ်ပြီးနောက်ထပ်ပြင်ဆင်ဖြည့်စွက်မှုများကိုလိုအပ်သကဲ့သို့ ထပ်မံတိုးချဲ့၍ ပိုမိုထိရောက်ကောင်းမွန်စေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်။

 

ဒါရိုက်တာအဖွဲ့

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း

 

                                                                                                                                                                                                                                 

 

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010